ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လာခဲ့ရင်
ကလေးလေးတွေက အရမ်းနူးညံ့သလို ထိခိုက်လည်း လွယ်ကြပါတယ်။ ဒီတော့ အစဉ်မပြတ် ဂရုစိုက်နိုင်မှ တော်ခါကျမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်း
ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ဆိုတာက ဝမ်းက ခဏခဏ သွားနေပြီး ဝမ်းအရည်တွေ သွားနေတာမျိုးပါ။ ကလေးတွေမှာ ဝမ်းလျှောတာက အဖြစ်များပေမယ့် ပုံမှန်ကတော့ ၁ ရက် ကနေ ၂ ရက်လောက်မှာ သူ့လိုလို သက်သာသွားတင်္တပါတယ်။
တကယ်လို့ ဝမ်းပျက်တာက ၂ ရက်ထက် ပိုကြာပြီဆိုရင်တော့ ကလေးမှာ ပြင်းထန်တဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော အမျိုးအစား ခွဲရာဝယ်
ဝမ်းပျက်ဝမ်းလျှောကို အခုလို အမျိုးအစား ခွဲနိုင်ပါတယ်။
- ကာလတို ဝမ်းပျက်တာ - ဒီဝမ်းပျက်တာက ၁ ရက် ၂ ရက်အကြာမှာ သက်သာသွားတတ်ပါတယ်။ အစားအသောက်နဲ့ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဘက်တီးရီးယား ကူးစက်မှုကနေ ဖြစ်တာပါ။ ရောဂါပိုးကြောင့် ကလေးမှာ ဖျားနာတာမျိုး ဖြစ်နိုင်ပါတယ်။
- ကာလရှည် ဝမ်းပျက်တာ - ဒီဝမ်းပျက်ခြင်း အမျိုးအစားက ရက်သတ္တပတ် အနည်းငယ် ကြာတတ်ပါတယ်။ အခြား အစာအိမ်အူလမ်းကြောင်း ပြဿနာတွေ ဖြစ်တဲ့ နာတာရှည် အူရောင်ရမ်းတာ။ အူလမ်းကြောင်းနဲ့ အစာအိမ်မှာ အနာဖြစ်နေတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘာတွေကများ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေသလဲ?
ဒီအချက်တွေက ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေပါတယ်။
- ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာ
- ဗိုင်းရပ်စ် ကူးစက်တာ
- အစာဓာတ်မတည့်တာ
- အချို့သော အစားအစာတွေကို မချေဖျက်နိုင်တာ
- အစားအသောက်နဲ့ ရေမှာ ရောဂါပိုး ပါဝင်နေတာ
- ဆေးဝါးဓာတ်တုံ့ပြန်တာတွေကြောင့်ပါ။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ?
ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီဆိုရင် ကလေးက
- ဗိုက်အောင့်မယ်
- ဗိုက်ရစ်နာမယ်
- လေပွမယ်
- မအီမသာဖြစ်မယ်
- အိမ်သာ ခဏခဏ သွားမယ်
- အဖျားရှိမယ်
- ဝမ်းမှာ သွေးစလေးတွေ ပါမယ်
- ရေဓာတ်ခမ်းခြောက်မယ်
- သတိလစ်မယ်။
ဘယ်လို သက်သာအောင် လုပ်ပေးမလဲ?
ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ကလေးမှာ ခံစားရတဲ့ လက္ခဏာ၊ အသက်အရွယ် နဲ့ ကျန်းမာရေးအခြေအနေကိုလိုက်ပြီး ကုထုံးက ကွာခြားနိုင်ပါတယ်။ ဘယ်လောက်ပြင်းထန်လဲဆိုတဲ့ အပေါ်မှာလည်း မူတည်တာပေါ့နော်။
ဝမ်းပျက်ပြီဆိုရင် အဓိက ဖြစ်တတ်တာက ရေဓာတ်ခမ်းတာပါ။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေကို ပြန်ဖြည့်ဖို့ ကလေးကို ဓာတ်ဆားရည် တိုက်တာ၊ စွပ်ပြုတ်လေးတွေ တိုက်ပေးတာမျိုး လုပ်ပေးရမှာပါ။ ဓာတ်ဆားရည် မရှိဘူးဆိုရင် ရေသန့်သန့်ထဲကို ဆားနဲ့ သကြား ထည့်ဖျော်ပြီး တိုက်ပေးလို့ ရသလို အုန်းစိမ်းရည် တိုက်ပေးရင်လည်း ရပါတယ်။
ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကိုတော့ မတိုက်ပါနဲ့။ နို့စို့ကလေးဆိုရင်တော့ မိခင်နို့ များများ တိုက်ပေးပါ။ ပြီးရင်တော့ ဝမ်းပျက်စေတဲ့ ရောဂါပိုးကို တိုက်ထုတ်ဖို့ ပိုးသတ်ဆေး တိုက်ရပါမယ်။
ကလေးက အစာစားတတ်တဲ့အရွယ်ဆိုရင် အစာကြေလွယ်မယ့် အစာပျော့လေးတွေကို ပူပုနွေးနွေး နဲ့ ကလေး ဝင်သလောက် ကျွေးပေးပါ။ ကလေးက အန်နေရင်တောင် နည်းနည်းစီ ခွံ့ပေးပါ။
ကလေးကို သက်တောင့်သက်သာ နားနေနိုင်အောင် စီစဉ်ပေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပေးပါ။
လိုအပ်တဲ့ ကုသမှုရရှိဖို့လည်း လုပ်ဆောင်ပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ပေးပါ။
မွန်မွန်